ကျွန်တော့်အသက် ၅နှစ်လောက်မှာ အမေဟာ ခရီးဆောင်အိတ်ကိုဆွဲရင်း ကျွန်တော့်လက်ကိုတွဲကာ နယ်မြို့လေးတစ်မြို့ကနေ ရထားဆီးပြီးထွက်လာခဲ့တယ်။
ရထားပေါ်ရောက်တော့ အမေဟာ လက်ကိုင်ပဝါမှာ မျက်နှာအပ်ရ�
�်း ပခုံးတွေ လှုပ်ခါတဲ့အထိ ငိုတော့တယ်။အဲဒီလို ရှည်လျားလှတဲ့ခရီးကို ဖြတ်သန်းချိန် တစ်ခါမှာ အမေက ကျွန်တော့်ကို ဖက်ပြီးငိုတယ်။ စကားတွေ တတွတ်တွတ် ကျွန်တော့်ကိုပြောရင်း ငိုတယ်။ အမေ ဘာတွေပြောမှန်း ကျွန်တော်မသိဘူး ။ အမေ က ကျွန်တော့်ပါးနှစ်ဖက်ကို နမ်းရင်း ငိုတယ်။ ရင်ခွင်ထဲ ဆွဲသွင်းပြီး ငိုတယ်။ကျွန်တော့်ဆံပင်တွေဟာ အမေ့မျက်ရည်တွေနဲ့ရွှဲလို့ပေါ့။ အဲ့ဒီလိုငိုတာ နောက်တစ်နေ့့မနက် မြို့ကြီးဆီ ရောက်တဲ့အထိပါပဲ….
မြို့ကြီးကိုရောက်တော့ ကျွန်တော်တို့ဟာ အငှားကားလေးတစ်စီးရဲ့ အကူအညီနဲ့ ညို့မှိုင်းနေတဲ့ခြံ၀င်းကျယ်ကြီးတစ်ခုဆီ ရောက်ခဲ့ပေါ့။အမေက အဘိုးကြီနဲ့အဘွားကြီးရှေ့မှာ ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်ရင်း စကားပြောတယ်။ အဘိုးကြီးကတော့ တစ်ခါတစ်ခါမှ ၀င်ပြောပြီး အဘွားကြီးကတော့ ကျွန်တော်တို့ကို ဝါးစားမတတ် မျက်လုံးတွေနဲ့ကြည့်ရင်း စကားကို ဒေါသနဲ့အော်ကြီးဟစ်ကျယ် ပြောလေရဲ့။ ကျွန်တော်ဟာ အမေ့နားကိုတိုးကပ်ပြီး အမေ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတယ်။ ခဏနေတော့ ကျွန်တော်တို့ကို ထမင်းကျွေးတယ်။ထမင်းစားပြီးချိန်မှာတော့ အမေဟာ ကျွန်တော့်ကို အခန်းကျဉ်းလေးတစ်ခုထဲ ခေါ်သွားရင်း လိမ္မာဖို့အကြောင်းနဲ့စာကြိုးစားဖို့ အကြောင်းအပြင် လူကြီးတွေရဲ့စကားကို နားထောင်ဖို့ရှည်ရှည်လျားလျားပြောပြီး ငိုတယ်။ ညနေစောင်းအချိန်မှာတော့ အမေဟာ ခရီးဆောင်အိတ်ကိုလွယ်ရင်း ပြန်ဖို့ပြင်တယ်။ ကျွန်တော်ဟာ အမေ့ကို ခြံ၀အထိလိုက်ပို့ရင်း ငိုမိတယ်။ အဲ့ဒီတော့ အမေက ခရီးဆောင်အိတ်ကိုချလို့ကျွန်တော့်ကိုဖက်ပြီး ငိုပြန်တယ်။ နောက်တော့ အမေဟာ ကျွန်တော့်ကို နှုတ်ဆက်ပြီး အိတ်ကိုလွယ်လို့ခြံ၀င်းထဲက ထွက်ခွာသွားတော့တယ် …
ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ညဘက် အိပ်ပျော်တုန်း လမ်းထလျှောက်တတ်တဲ့ အကြောင်း ဦးလေးတင်မောင်ပြောပြတော့ ဟုတ်ချင်မှ ဟုတ်မှပါလေလို့ပဲ ကျွန်တော်ယူဆထားခဲ့တယ်။ ကျွန်တော် လင်းချင်းတောက်ပမှုတွေဆီ လမ်းလျှောက်တယ်ပေါ့ ။ အဲ့ဒါကဘာလဲဆိုတော့ မီးရောင်တွေ နတ်သမီးတွေရဲ့ဖိတ်ခေါ်လက်တွေ ပူနွေးမှု…စသည်ဖြင့်။
အမေထားသွားခဲ့တဲ့နေ့ကနေ ကျွန်တော်ကြီးပြင်းရာ ကာလတစ်လျှောက် ဆယ်စုနှစ်နှစ်ခုကျော် ဖြတ်သန်းလာတဲ့အချိန်မှာ ရဲစခန်းတစ်ခုရဲ့ အချုပ်ခန်းထဲ ကျွန်တော်ရောက်ခဲ့တယ်။
ညက အဘိုးလှေကားပေါ်က ပြုတ်ကျလို့ ဦးဆက်ပြုတ်ပြီး သေသွားတယ်။ အဲ့ဒီအချိန် ကျွန်တော်က ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အိပ်မက်ထဲမှာ လမ်းထလျှောက်နေတယ်။ အဘိုးပြုတ်ကျတဲ့ အချိန်မှာ ကျွန်တော်ဟာ အဘိုးဘေးနားကနေ အဲ့ဒီလို လမ်းလျှောက်နေချိန် ဖြစ်သလားကျွန်တော် မသိဘူး။ ဒီလိုနဲ့အကိုကြီးက အဘိုးကို လှေကားပေါ်က တွန်းချတာ ကျွန်တော်ပါပဲလို့စစ်ချက်မှာ ထွက်ဆိုတယ်။အဲ့ဒီနောက် ကျွန်တော်လည်း အချုပ်ထဲ ရောက်လာခဲ့တယ်။
ဘယ်ကနေ ဘယ်လိုသတင်းရတယ် မသိဘူး ကျွန်တော့်သူငယ်ချင်း ကျော်သူရ ရောက်လာတယ်။ ဘယ်လိုဖြစ်တာလဲကွာ ဆိုတဲ့အမေး စကားနဲ့ စတယ်။ ဖြစ်ပျက်ခဲ့သမျှ ကျွန်တော်ပြောပြတော့ ကျော်သူရဟာ အာရုံစူးစိုက်ပြီး နားထောင်တယ်။ပြီးတော့ ကျွန်တော့်အတွက် ရှေ့နေတစ်ယေက် ငှားဖို့ကိစ္စပြောပြီး ပြန်သွားတယ်။
တကယ်တော့ရှေ့နေဆိုတာ ကိုယ်တတ်ကျွမ်းနားလည်ထားတဲ့ ဥပဒေ နဲ့လူ့လောကကြီးကို သာယာအောင်လုပ်တဲ့ Professional တွေပါလို့ဆိုတဲ့ ရှေ့နေမျိုး ကျွန်တော့်အတွက် သူငယ်ချင်းကျော်သူရက ရှာလာပေးတယ်။
တရားရုံးမှာ တရားလို ရှေ့နေနဲ့တရားခံရှေ့နေ နှစ်ဦးရဲ့ အားပြိုင်မှုဟာ အင်မတန် စိတ်၀င်စားဖို့ကောင်းပြီး
နောက်ဆုံးမှာ ဘယ်လိုအဆုံးအဖြတ် ဖြစ်လာမလဲဆိုတာ….
စာဖတ်ပရိသတ်ကြီးအနေနဲ့ ဆက်လက်ဖတ်ရှုရင်း ရင်ခုန်ခံစားကြည့်ကြပါဦး..