ဒေါ့စ်တိုယက်ဖ်စကီးရဲ့ အကောင်းဆုံးဝတ္ထုရှည်ကြီးတွေထဲက တစ်အုပ်ဖြစ်တဲ့ လူ့အန္ဓဝတ္ထုရှည်ကြီးရဲ့ ပထမတွဲ(မြန်မာပြန်)ကိုဖတ်ပြီး လက်စလက်နဖျောက်သွားလိုက်၊ ကြိုကြားကြိုကြားပေါ်လာလိုက် လုပ်န�
��သော နာစတားရှာကို လွမ်းတနေခဲ့မိသည်။ မော်စကိုတစ်မြို့ထဲမှာ ရှိနေပါလျက် မင်းသားမစ်ရှ်ကင်နှင့် သူ ဒူးတိုက်ရင်တိုက် မဆုံဖြစ်လိုက်ကြတာကို မချင့်မရဲ ဖြစ်ခဲ့မိသည်။ “ဪ ဒါ ပထမတွဲပဲ ရှိပါသေးလား”လို့ သတိရသွားတော့မှ ကျွန်တော် စိတ်သက်သာရာ ရသွားသည်။ ချစ်သူချင်း မကွေကွင်းစေလိုသော ကျွန်တော့်ဆန္ဒက နာစတားရှာနှင့် မစ်ရှ်ကင်ကို ဆုံစည်းစေချင်ခဲ့သည်။ ဒုတိယတွဲကျရင်တော့ အချစ်စစ်နဲ့ ချစ်မက်ကြတဲ့ သူတို့ ဆုံစည်းတန်ကောင်းပါရဲ့လို့ မျှော်လင့်ပြီး ဒုတိယတွဲ ဘယ်တော့ထွက်မလဲဆိုတာကို အမောတကော မျှော်မိခဲ့သည်။ နောက်ပြီး ပထမတွဲရဲ့ ဒုတိယပိုင်းမှာ မစ်ရှ်ကင်နှင့် အဂ္ဂလားယာတို့နှစ်ဦးကလည်း ချိတ်တိတ်တိတ် ငြိတိတိ ဖြစ်နေကြသလို စွပ်စွဲရေးသားထားပြန်သဖြင့် သုံးပွင့်ဆိုင်ဇာတ်လမ်းများ ဖြစ်နေလေမလားလို့ သိချင်တာကြောင့်လည်း ဒုတိယတွဲကို မျှော်မိခဲ့ခြင်းဖြစ်သည်။ ယခု ဒုတိယတွဲ ထွက်ပြီ။ သူတို့ဆုံစည်းကြလေသလား၊ ဘယ်သူနဲ့အကြောင်းဆက်သွားကြသလဲ စသည်တို့ကို သိချင်စိတ်ပြင်းပြစွာဖြင့် စာအုပ်ကို ကောက်လှန်ဖြစ်သည်။ နောက်ဆုံးစာမျက်နှာကို အရင်ဖတ်ကြည့်ဖို့ အလောသုံးဆယ် စိတ်ကူးမိသည်။ သို့သော် ထိုစိတ်ကူးကို အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။ ကြိုသိပြီးဖတ်ရတာ သိပ်ဖီလင်မလာဘူးမဟုတ်လား။ ဒေါ့စ်တိုယက်ဖ်စကီးခေါ်ဆောင်ရာ ဇာတ်လမ်းနောက် တဖြည်းဖြည်း တအိအိ လိုက်သွားတာ ပိုကောင်းလိမ့်မယ်လို့ထင်မိတာကြောင့်လည်း ကျော်မဖတ်ဖြစ်တော့တာပါ။ နောက်ပြီး ဒေါ့စ်တိုယက်ဖ်စကီးအနေဖြင့် မော်စကိုရောက် နာစတားရှာကို စိန့်ပီတာစဘတ်မှာ ဘယ်လိုများ ပြန်လည်လှုပ်ရှားသက်ဝင်စေမလဲလို့ သိချင်စိတ်ကြောင့်လည်း ကျော်ပြီးမဖတ်ခဲ့တာဖြစ်သည်။
ပထမတွဲရဲ့ ဒုတိယပိုင်းကို ဖတ်ရတုန်းက ဇာတ်က အိုင်သွားသလို ထင်ရပေမဲ့ ဒုတိယတွဲကျတော့ ဖတ်ရတာ အရသာအလွန်ရှိပြီး ပြည့်စုံသွားသလို ခံစားရသည်။ ဒေါ့စ်တိုယက်ဖ်စကီးသည် အဖြူကို ဖွေးဆွတ်နေအောင် ပြပြီး အနက်ကို မဲမှောင်နေအောင် တက်စုံရွက်ကုန်ဖွင့်ပြီး ခြယ်သလေ့ရှိတာကို တွေ့ရသည်။ မင်းသားမစ်ရှ်ကင်သည် ဖြူစင်မှု၏ ပြယုဂ်ဖြစ်သည်။ ပြစ်မြူကင်းပြီး သန့်ရှင်းစင်ကြယ်သည့် အဓိကရ ပြယုဂ်ဖြစ်သည်။ သူ့မှာ အကုသိုလ်စိတ်၊ မကောင်းသည့်စိတ် တစိုးတစိမျှ မရှိ။ သူရောက်ရှိသွားသည့် ရုရှားလူမှုအသိုင်းအဝန်းကတော့ မှောင်ကျအောင်ညစ်သည့် ပဆစ်အိမ်လို မည်းနက်နေသည်။ အဝိဇ္ဇာအမှောင်ဖုံးပြီး ဒေါသတွေ လောဘတွေ မောဟတွေ တင်းကြမ်းပြည့်လို့ နေသည်။ ဒါကိုသိသည့် နာစတားရှာသည် သူအင်မတန်မြတ်နိုးချစ်မက်ရသည့် မစ်ရှ်ကင်ကို အမှောင်တိုက်ထဲသို့ ဆွဲမသွင်းလို။ သူ့ကိုယ်သူသာ အချစ်ဖြင့် လောင်ကျွမ်းစေလိုက်သည်။ ပါဖီယွန်းအရာဂိုဇင်သည်လည်း နာစတားရှာကို ပြင်းပြင်းပြပြချစ်ခင်စွဲလမ်းမိသည့် အချစ်မီးလျှံ၏ လောင်းကျွမ်းဝါးမြိုမှုကို ခံယူခဲ့သည်။ အဂ္ဂလားယာကတော့ ဘုလည်းမသိ ဘလည်းမသိ၊ လုပ်ချင်ရာ ဇွတ်လုပ်ရင်း ကံကြမ္မာ စေစားရာသို့သာ ယောင်နန ထုံပေပေဖြင့် လျှောက်လှမ်းခဲ့ရသည်။ အချစ်ကို လက်တစ်လုံးခြားလုပ်ပြီး လူလည်ကျလှည့်စားဖို့ကြိုးပမ်းသည့် ဂန်းညာသည်လည်း အချစ်နှင့်လွဲကာ တစ်သက်လုံး သိက္ခာဆည်လို့မရသည့် မျက်နှာမွဲဘဝ ရောက်ရှိသွားခဲ့သည်။
တချို့က လူ့အန္ဓအပိုင်း(၄)ပိုင်းအနက် အပိုင်း(၁)ကို အကြိုက်ဆုံးဟု ဆိုကြသည်။ ဇာတ်လမ်းအသားပေးဆိုလျှင်တော့ ကျွန်တော်လည်း သူတို့နည်းတူ အပိုင်း(၁)ကို အကြိုက်ဆုံးဟု ဖြေမိပါလိမ့်မည်။ သို့သော် အပိုင်း(၁)သည် ဒေါ့စ်တိုယက်ဖ်စကီး၏ ပြောင်မြောက်လှသော ဂန္ထဝင်ဝတ္ထုရှည်ကြီး၏ ဇာတ်ပျိုးအဆင့်သာ ရှိသည်။ ကျန်(၃)ပိုင်းစလုံးကိုရော လုံးစေ့ပါဌ်စေ့ ဖတ်ရှုကြည့်မှသာ ဒေါ့စ်တို့ယက်ဖ်စကီးပေးချင်သည့် အနှစ်သာရကို ခရေစေ့တွင်းကျ သိနိုင်မည်ဖြစ်သည်။ ဇာတ်ဆောင်တစ်ဦးချင်းစီ၏ ခံစားပြုမူပြောဆိုမှုအပေါ်မူတည်ပြီး ဖြစ်ပေါ်လာသည့် စိတ်ခံစားမှုရသတွေကို တင်းပြည့်ကျပ်ပြည့် ခံစားကြည့်လိုပါက အပိုင်း(၄)ပိုင်းစလုံးကို ဖတ်ရှုမှသာ ပြည့်စုံမည်ဖြစ်သည်။ “ပြစ်မှုနှင့်ပြစ်ဒဏ်”နှင့် “ကာရာမာဇော့ညီအစ်ကိုများ” ပြီးလျှင် လူ့အန္ဓသည် ဒေါ့စ်တိုယက်ဖ်စကီး၏ အအောင်မြင်ဆုံး အကျော်ကြားဆုံး ဂန္ထဝင်ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်ကြောင်း ကမ္ဘာက ဘာကြောင့် တညီတညာတည်း လက်ခံထားကြသလဲဆိုတာ လူ့အန္ဓကို စေ့စေ့ငုငု ဖတ်ပြီးသည့်အခါ ငြင်းဖွယ်ရာမရှိ သိသာနိုင်ပါသည်။
သည်လိုနှင့် မိုးစွေသည့် ရုံးပိတ်ရက်မှာ လူ့အန္ဓဝတ္ထုရှည်ကြီး၏ ဒုတိယတွဲကို တစ်ရက်တည်းနဲ့အပြီး ကျွန်တော်ဖတ်ဖြစ်ခဲ့သည်။ လူ့အန္ဓကို ဖတ်ရှုအပြီးမှာ ကျွန်တော် ဟိုင်းလိုက်လုပ် တင်ပြချင်တာလေးတွေ ပေါ်ထွက်လာသည်။
အသက်ရှုတိုင်း နာကျင်၊ နှလုံးခုန်တိုင်း စူးရှလူ့အန္ဓ
“လူ့အန္ဓဝတ္ထုရဲ့ အစိတ်အပိုင်း တော်တော်များများကို ကျွန်တော် ဖုတ်ပူမီးတိုက် ရေးခဲ့ရတယ် (ဒေါ့စ်တိုယက်ဖ်စကီးသည် လူ့အန္ဓဝတ္ထုကြီးကို ဆွစ်ဇာလန်မှာနေထိုင်စဉ် အိမ်ငှါးခပင် မပေးချေနိုင်တော့တဲ့အထိ အကြွေးတွေ ထူနေတုန်း ရေးခဲ့သည်ဟု သိရသည်)။ ဒါကြောင့် တချို့နေရာတွေမှာ ရှုပ်ယှက်ခတ် ပျံ့လွင့်နေပြီး ဝတ္ထုသွားပေါ်လွင်မှု အားနည်းသွားတယ်လို့ ထင်ရတယ်။ တချို့တစ်ဝက်ကတော့ ကျွန်တော့်စိတ်တိုင်းကျ ကောင်းကောင်းမွန်မွန်လေး ထွက်လာတယ်ဗျ။ အချုပ်ပြောရရင်တော့ဗျာ၊ ဝတ္ထုရဲ့နောက်မှာ ကျွန်တော် ရပ်တည်ခဲ့တာ မဟုတ်ဘူး။ ဝတ္ထုမှာ ကျွန်တော်တင်ပြချင်တဲ့ ရည်ရွယ်ချက်၊ အာဘော်တွေ၊ စိတ်ကူးစိတ်သန်းတွေရဲ့နောက်မှာပဲ တည့်တည့်မတ်မတ်ရပ်ခဲ့တာပါပဲ”ဟု နောင်တွင်ဒေါ့စ်တိုယက်ဖ်စကီးကိုယ်တိုင် ဝန်ခံခဲ့သည်။ ကျွန်တော်ကတော့ လူ့အန္ဓဝတ္ထုရှည်ကြီးကို ဖတ်ပြီး အသက်ရှူတိုင်း နာကျင်ကာ နှလုံးခုန်တိုင်း စူးရှသည့်ဝေဒနာဒဏ်ချက်များကို နင့်နင့်နဲနဲ ခံစားနေရပါသည်။