ပျောက်ဆုံးအချစ်ကူးလွင့်ပင်လယ်
ထက်ဘုန်းရှိန်
6500 က်ပ္
📓 စာအုပ်အမည် #ပျောက်ဆုံးအချစ်ကူးလွင့်ပင်လယ်
✍️ စာရေးသူ #ထက်ဘုန်းရှိန်
📋 ပုံနှိပ်မှတ်တမ်း - ၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ ၊ ပထမအကြိမ် ၊ အုပ်ရေ ၇၀၀ ၊ စာမျက်နှာ ၁၆၀ ၊ တန်ဖိုး ၆၅၀၀ကျပ်
📖စက္ကူအ�
��ျိုးအစား - WoodFree60g ( စာရွက်အဖြူ အချောသား )
ဒဿန/ အတွေးအခေါ် စာအုပ်တွေကို ဘာသာပြန်ထားတဲ့ ထက်ဘုန်းရှိန်ဆီက ဒီတစ်ခေါက်မှာတော့ ဘာသာပြန်မဟုတ်တဲ့ ပင်ကိုရေးဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုကြရမှာပါ။
ဝတ္ထုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတွေ ပါမလဲ ဆိုတာကို စာရေးသူက အမှာစာ မဟုတ်တဲ့ ရှေ့ပြေးစကားထဲမှာ ဒီလို ပြောထားပါတယ်။
“စက္ကူလှေ၊ တောင်တန်း၊ ရေပြင်၊ တိမ်ထု၊ ညီမျှခြင်း၊ ရွေးချယ်ခွင့် . . . ဒီစကားလုံးတွေက စိတ်တံခါးကို လာခေါက်ကြတယ်။
ကိုယ်တိုင်က မဖွင့်ပေးလိုက်ရဘဲ အားလုံး တိုးဝင်၊ တံခါးကို အလုံးစုံ ဖွင့်ချပြီး ဒီလူကိုပါ သူတို့နဲ့အတူ ပျောက်ဆုံးစေခဲ့တယ်၊ ချစ်စေခဲ့တယ်၊ ကူးလွင့်စေခဲ့တယ်၊ ပင်လယ်ဆီ ခေါ်သွားပြီးမှ မျှင်မျှင်သေးသေး ကြိုးလေးတစ်ချောင်းနဲ့ တွယ်ဆက်ပေးခဲ့တယ်။
စာမျက်နှာတွေပေါ်က စကားလုံးတွေ ခေါ်ဆောင်ရာကို ခြေဆန့်ကြည့်ရအောင် . . . “
(ရှေ့ပြေးစကား မှ)
ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ထူးထူးခြားခြား သတိမထားမိဘဲ ရှင်သန်နေကြတဲ့ လူသားတွေ ရှိကြတယ်။ သူတို့လဲ နေ့စဉ်ဘဝကို သူလိုငါလို ဖြတ်သန်းနေကြတယ်။ ပုံမှန်ပါပဲ လို့ ကျွန်တော်တို့ ထင်မိကြတဲ့ သူတို့မှာ ကျွန်တော်တို့ ကြားမိရင် ပုံမှန်မဟုတ်ဘဲ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ဖြစ်ပျက်နေရတာမျိုး ရှိနိုင်ပါတယ်။ ဒီဝတ္ထုဟာ အဲဒီလိုပုံစံပါ။
ခင်လေးငယ် ဆိုတဲ့ အမျိုးသမီးကို ပင်တိုင်ဇာတ်ဆောင်အနေနဲ့ ဖန်တီးထားတယ်။ သူ့ကို ဦးတည်ပြီး အခြားဇာတ်ဆောင်တွေ အလိုအလျောက် ပေါ်လာကြတယ်။ ဇာတ်လမ်းအဖြစ်အပျက်တွေ ဖြစ်ပျက်လာကြပါတယ်။ ခင်လေးငယ်ကို မိသားစုဒဏ်၊ ပတ်ဝန်းကျင်ဖိအားအပြင် ကိုယ်ကိုယ်တိုင်ရဲ့ ဖိအားတွေအောက်မှာ ညှိုးညှိုးငယ်ငယ် ပွင့်လန်းလာရတဲ့ ပန်းကလေးတစ်ပွင့်လို့ ပြောရင် မှန်မယ်ထင်တယ်။ အဲဒီပန်းကလေးရဲ့ အတွေးတွေကတစ်ဆင့် ဖတ်ရမဲ့ ဝတ္ထုပဲ ဆိုပါတော့။
ဒီဝတ္ထုမှာ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ အချိန်အပိုင်းအခြားတွေ၊ နေရာအပိုင်းအခြားတွေကို အထိန်းအကွပ်တွေ ဘေးဖယ်ပြီး စိတ်စေရာ သုံးချင်တဲ့အတိုင်း သုံး၊ ကူးချင်တဲ့အတိုင်း ကူးထားတဲ့ ရေးဟန်ပဲ။ အဲဒီရေးဟန်နောက်ကို လိုက်ရင်း ခင်လေးငယ် ခေါ်ဆောင်ရာနောက်ကို စကားလုံးတွေကတစ်ဆင့် လိုက်ပါသွားမိခဲ့တယ်။
လူတွေရဲ့ ချစ်ခြင်းမေတ္တာကို သံသယတွေက ဝါးမြိုသွားတဲ့အခါမှာ ဘာတွေ ဖြစ်လာတတ်သလဲ။
ကိုယ် တကယ် ချစ်ရတဲ့ မိဘဆီက ချစ်ခြင်းမေတ္တာအစား မမျှော်လင့်ထားတဲ့ အရာတွေ ရလာရင်ရော . . . ။
လောကဓံတရားမှာ အကောင်းအဆိုးနှစ်မျိုး ရှိတယ် လို့ သိထားပေမဲ့ အကောင်းတွေ ကင်းမဲ့သလောက် ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သူ့ဘဝကို ဘယ်လိုစိတ်နဲ့ ဆက်ရှင်သန်နေနိုင်သလဲ။
ဒဏ်တွေ၊ ဖိအားတွေ၊ မွန်းကျပ်မှုတွေရဲ့ အကျိုးဆက်တွေက လူတစ်ယောက်ရဲ့ စိတ်အပေါ် ဘယ်လောက်ထိ သက်ရောက်နိုင်သလဲ။
ဒီထဲက တစ်ခု ရွေး၊ နှစ်ခုထဲက တစ်ခု ရွေး လို့တောင် ပြောမရတဲ့ ရွေးချယ်ခွင့် ဆိုတာထက် ရွေးချယ်ဖို့ မစွမ်းနိုင်တဲ့ အချိန်တွေ ကြုံဖူးလား။ ကြုံလာရင်ရော ဘယ်လိုလုပ်မလဲ . . . ။
ဒီထက် ထပ်တွေးလို့ ရမဲ့ အချက်တွေ အများကြီး ကျန်ပါသေးတယ်။ ဝတ္ထုအဆုံးသတ်မှာ စာရေးသူက စာဖတ်သူကို မေးခွန်းပြန်ထုတ်သွားတယ်။ အဲဒီမေးခွန်းကြောင့်ပဲ ဆက်ပြီး တွေးလို့ ရတဲ့ ဇာတ်ကြောင်းတွေ ပေါ်လာရပြန်တယ်။