ဗိုင်းရပ်စ်ပိုးသည် လူသားတို့၏ ဘုံရန်သူ
(၁)
ကျွန်မ ဆီနားဝေဘို (တရုတ်ဖေ့စ်ဘွတ်ခ်)တွင် ကျွန်မ၏ ကနဦး ဒိုင်ယာရီ (နေ့စဉ်မှတ်တမ်း) ကို ရေးစဉ်တွင် ဖော်လိုလုပ်သူ ၅၉ ခုကျော် ဝင်လာသည့်အပြင် လူ သန်းဆယ�
�ဂဏန်းနှင့်ချီပြီး ကျွန်မရေးသည့်စာကို ညသန်းခေါင်အထိ စောင့်ဖတ်ကြလိမ့်မည် ဟု တစ်ခါမျှ မထင်မိပါ။ ကျွန်မ၏ တစ်နေ့တာ ရေးသားတာကို ဖတ်ပြီးမှ သူတို့ အိပ်ရာဝင်ကြသည်ဟု လူများစွာက ကျွန်မကိုပြောကြသည်။ ကျွန်မ၏ နေ့စဉ်မှတ်တမ်းများကို စုထားကာ စာအုပ်ပုံစံလုပ်၍ ပင်လယ်ရပ်ခြားတွင် အလွန်လျင်မြန်စွာ ထုတ်ဝေမည်ဟု လည်း ကျွန်မတစ်ခါမျှ စိတ်ပင်မကူးခဲ့မိပါ။
ဒိုင်ယာရီ၏ နောက်ဆုံးပိုင်းကို ရေးပြီးချိန် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၈ ရက်နေ့သည် အမေရိကန်ဝက်ဘ်ဆိုက်၌ "ဝူဟန်နေ့စဉ်မှတ်တမ်း "အင်္ဂလိပ် ဘာသာဖြင့် အကြိုရောင်းချမှုစတင်သည့်နေ့လည်း ဖြစ်၏။
ဖြစ်ရပ်အားလုံးသည် အိပ်မက်ပမာ။ ဇာတ်လမ်းအားလုံး၏နောက် ကွယ်မှနေ၍ ထာဝရဘုရားရှင်၏လက်က တိတ်တဆိတ် အရာရာကို စီစဉ်နေ သည့်အလား။
(၂)
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်ကူးစက်ရောဂါပါရဂူ ဒေါက်တာရှောင်နန်ရှန် ကကိုရိုနာဗိုင်းရပ်စ်သည် လူလူချင်းကူးစက်ပြီဟု ထုတ်ဖော်ကာ ကျန်းမာရေးလုပ်သား ၁၄ ယောက် ကူးစက်ခဲ့သည်ဟု သတင်းများ ပျံ့နှံ့လာ ၏။ ကျွန်မ ပထမတော့ တုန်လှုပ်သွား၏။ ထို့နောက် ဒေါသအဖြစ်ပြောင်းလဲ သွားသည်။ အစိုးရမီဒီယာများ၌ကား ဤဗိုင်းရပ်စ်ပိုးသည် လူတွေကြားမှာ မကူး စက်နိုင်ပါ။ ၎င်းကို ထိန်းချုပ်နိုင်မည်။ ကြိုတင်ကာကွယ်နိုင်မည်ဟု အပြောင်း အလဲမရှိ တစ်သတ်မတ်တည်း ကြေညာနေသည်။ ထိုအချိန်အတောအတွင်း တွင် ကောလာဟလများ ပိုမိုပျံ့နှံ့လာသည်။ ဒါက တကယ်တော့ ဆားစ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် နောက်တစ်မျိုး။
ဤရောဂါပိုး၏ ခန့်မှန်းရောဂါပျိုးချိန်သည် ၁၄ ရက်တစ်ဝိုက်ဟု ကျွန်မ ကြားရ၏။ ထိုအချိန်က ကျွန်မသည် ဖျားနာနေသော လုပ်ဖော်ကိုင်ဖက်များကို ဆေးရုံသို့ (၃) ကြိမ်သွားကြည့်ရသည်။ နှစ်ကြိမ်တွင် မျက်နှာဖုံးတပ်သွား၏။ တစ် ကြိမ်တွင် ကျွန်မ မျက်နှာဖုံးမတပ်မိ။ ဇန်နဝါရီ ၇ ရက်တွင် သူငယ်ချင်းတစ်ဦး ၏ ပါတီသို့တက်ကာ နောက်တော့ မိသားစုနှင့်အတူ ညစာထွက်စား၏။ ဇန်န ဝါရီလ ၁၆ ရက်တွင် ဝန်ထမ်းတစ်ဦးက ကျွန်မတိုက်ခန်းသို့လာကာ အနွေးပေး စက်အသစ် တပ်၏။ ၁၉ ရက်နေ့တွင် ကျွန်မတူမက စင်ကာပူမှနေ၍ ဝူဟန်သို့ ရောက်လာသည်။ ထို့ကြောင့် ကျွန်မအစ်ကိုကြီးနနှင့် သူ့ဇနီးက ကျွန်မတို့ အားလုံးကို ညစာထွက်ကျွေး၏။ ကျွန်မ၏ ဒုတိယအစ်ကိုနှင့် သူ့ဇနီးလည်း ပါသည်။ ထိုအချိန်တွင် ဆားစ်ရောဂါကောလာဟလများ ပျံ့နှံ့နေပေရာ ကျွန်မ အပြင်သွားတိုင်း မျက်နှာဖုံးတပ်သွားသည်။
ကျွန်မက အချိန်တိုအတွင်း အပြင်သို့အသွားအလာ များခဲ့၏။ တရုတ် နှစ်သစ်ကူးပွဲတော်မတိုင်မီဖြစ်၍ လူတွေက ပါတီတွေအများကြီး ပေးကြ၏။ စုပေါင်းစားသောက်တာတွေများသည်။ ကျွန်မ သမီးက ဇန်နဝါရီ ၂၂ ရက်တွင် ဂျပန်မှ ပြန်လာ၏။ ကွာရင်တိုင်းမကြေညာမီ တစ်ညက ဖြစ်၏။ ကျွန်မကသမီးကို ည ၁၀ နာရီက လေဆိပ်သို့သွားကြို၏။ ထိုအချိန်တွင် အပြင်၌ ကားတွေ၊ လမ်းသွားလမ်းလာတွေ အတော်ရှင်းနေ၏။ ကျွန်မ လေဆိပ်ရောက်တော့ အပြင် မှာစောင့်ကြိုနေသူအားလုံးလိုလိုက မျက်နှာဖုံးတွေနှင့်။ လူများစိတ်က မသက် မသာတွေ၊ စိတ်ဖိဆီးမှု တော်တော်များများရှိကြပုံပေါ်၏။ စကားရွှင်ရွှင်ပြော သံ၊ ရယ်သံတို့ လုံးဝမကြားရ။ ထိုအချိန်တွင် ဝူဟန်၌ အကြောက်တရားသာ ကြီးစိုးနေ၏။
ကျွန်မအပြင်မထွက်မီသူငယ်ချင်းတစ်ဦးထံ အွန်လိုင်းစာတစ် စောင်ပို့ခဲ့သေး၏။
ယီရွှီမှာ အေးစက်မှုကျရောက်စဉ် လေက လေချွန်လျက်ရောက်လာဆိုသော ရှေးကဗျာအပိုဒ်တစ်ခုပင် ထည့်ရေးမိ၏။ သမီးလေယာဉ်က နောက်ကျသဖြင့် ည ၁၁ နာရီအထိ လေဆိပ်အပြင်မရောက်သေး။
ကျွန်မခင်ပွန်းဟောင်းက သမီးနှင့်အတူ လွန်ခဲ့သောအပတ်က ညစာ စားခဲ့ကြ၏။ ရက်အနည်းငယ်မတိုင်မီ ကျွန်မသမီးကို မကြိုခင်က သူကဖုန်းဆက်၏။ သူအဆုတ်မကောင်းတဲ့။ ကျွန်မခေါင်းကြီးသွား၏။ အကယ်၍ သူသာ ကိုရိုနာဗိုင်းရပ်စ်ပိုးဝင်လျှင် သမီးတော့ ကူးတော့မှာပဲ။ ကျွန်မက သမီးကို ပြော၏။ အပြင်ထွက်မလာမီ အနည်းငယ် ရက်သတ္တပတ်လောက်တော့ ကိုယ့် ဘာသာကိုယ် အိမ်ထဲမှာ ကွာရင်တိုင်း လုပ်နေဟု။ ဒါဆိုလျှင် သူနှင့်ကျွန်မ တရုတ်နှစ်သစ်ကူးပွဲတော် အတူနွှဲဖို့တော့ လွဲပြီပေါ့။ ကျွန်မ သူ့အတွက် စားစရာတွေ လာပို့ပေးမည်ဟု ပြောခဲ့၏။ ( သူက နိုင်ငံခြား၌ အားလပ်ရက်သွား နေရာ သူ့အခန်း၌ လတ်လတ်ဆတ်ဆတ် စားစရာမရှိ) ကျွန်မတို့နှစ်ဦးစလုံး နှာခေါင်းစည်းတွေ ဝတ်ကာကားပေါ်လိုက်လာကြ၏။ သူက သူ၏ ဂျပန် နိုင်ငံအတွေ့အကြုံတွေကို စကားတစ်ခွန်းမှ မဟ။ ကျွန်မတို့နှစ်ယောက် တစ်လမ်းလုံး နှုတ်ပိတ်နေကြ၏။ တစ်မြို့လုံးဖိစီးနေကြသော စိတ်ခံစားမှုတွေ က ကျွန်တို့ကားတွင်ပါ ကူးစက်နေကြ၏။ ကျွန်မသမီးကို သူ့တိုက်ရှေ့ချခဲ့ကာ ကျွန်မအခန်းသို့အပြန်တွင် ကားကို ဆီဖြည့်၏။ ကျွန်မ အိမ်ရောက်တော့ မနက် ၁ နာရီပင်ရှိပြီ။ အိမ်ရောက်လျှင်ရောက်ချင်း ကွန်ပျူတာဖွင့်တော့ သတင်းကို ချက်ချင်းမြင်ရ၏။ ကွာရင်တိုင်း သတင်း။
ဝူဟန်မြို့ကြီးကို ဘယ်လိုတစ်ခုလုံးပိတ်ပစ်လို့ရမလဲဟု ကျွန်မယခင်က တွေးမိ၏။ အခုတော့ အမိန့်ကြေညာပြီ။ ဤကွာရင်တိုင်းအမိန့်သည် ကူးစက် ရောဂါအခြေအနေ အလွန်ဆိုးနေကြောင်းပြသည့် လက္ခဏာဖြစ်ကြောင်း ကျွန်မ သဘောပေါက်လိုက်မိပါပြီ။
နောက်နေ့၌ နှာခေါင်းစည်းဝယ်ဖို့နှင့်အတူ ကုန်စုံဆိုင်တွင် ပစ္စည်းများ ထွက်ဝယ်၏။ တစ်လမ်းလုံးအလွန်ငြိမ်သက်နေ၏။ ဝူဟန်မြို့မှာ လမ်းသိပ်ရှင်း ကာ လူတွေ၊ ကားတွေ နည်းပါးတာ ယခုကဲ့သို့ ကျွန်မ တစ်ခါမျှ မတွေ့ခဲ့ဖူးပါ။ ဒါတွေကြည့်ပြီး ဝမ်းနည်းလာ၏။ လမ်းတွေ၊ ရပ်ကွက်တွေ ဗလာကျင်းနေသလို ကျွန်မ နှလုံးသားလည်း ဗလာကျင်း၏။ ကျွန်မဘဝ၌ ဤသို့သောခံစားမှုမျိုး တစ်ခါမျှ မကြုံဖူးပါ။ ကျွန်မတို့မြို့၏ မရေရာ မသေချာသော ကံကြမ္မာ။ ကျွန်မ မိသားစု၏ မရေရာမသေချာမှု။ ကျွန်မကိုယ်တိုင်ရော ရောဂါမဖြစ်နိုင်ဘူးတဲ့ လား။ အနာဂတ်တစ်ခုလုံး မရေရာ။ ကျွန်မရင်ဝယ် စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ် ကြောင့်ကြ ဗျာပါဒတို့က ထူးခြားသော ခံစားမှုအဖြစ် ကျန်ရစ်ခဲ့၏။
ကျွန်မ နောက်ထပ်နှစ်ရက် အပြင်ထွက်ကာ နှာခေါင်းစည်းရှာပုံတော် ဖွင့်၏။ သို့သော် လမ်းပေါ်မှာက တံမြက်စည်းလှည်းသမားတချို့ကိုသာ ထီးထီး ကြီး တွေ့ရ၏။ လမ်းတွေကရှင်းလို့။ လမ်းသွားလမ်းလာနည်းသွားလို့ လမ်းတွေ ကလည်း ရှင်းနေ၏။ သို့သော် တံမြက်စည်းလှည်းသမားတချို့ကတော့ တာဝန် အရ သန့်ရှင်းရေးလုပ်နေဆဲ။ သူတို့လိုလူသားအချို့ကို လမ်းပေါ်တွေ့ရသဖြင့် ကျွန်မစိတ်ထဲ သက်သာရာအနည်းငယ် ရခဲ့၏။
အိမ်အပြန် တစ်လမ်းလုံး စဉ်းစားမိ၏။ ဤရောဂါပိုးအကြောင်း စသိ တာ ဒီဇင်ဘာ ၃၁ ရက်က အခု ရက် ၂၀ အကြာတွင် အားလုံးဒုက္ခပေးတော့ ပြီပဲ။ ၂၀၀၃ ခုနှစ်က ဆားစ်ရောဂါအကြောင်း သတိရမိ၏။ ထိုမှနေ၍ သင်ခန်း စာတွေ မယူခဲ့ကြဖူးပါ။ ဘာကြောင့် မယူတာလဲ ဘာကြောင့်ပါလဲ။ လူများ စုက သူတို့ဘာသာ သူတို့မေးခွန်း ထုတ်နေကြ၏။
တကယ်တော့ ကျွန်မလိုဂရုမစိုက်အတော်လုပ်ခဲ့ကြမည်ပင်။ အစိုးရ အပေါ်သိပ်ယုံကြည်တာလည်း ပါသပေါ့။ ဟူဘေးခရိုင်မှ အစိုးရခေါင်း ဆောင်များအပေါ် ယုံကြည်မှုတွေ လွန်ကဲစွာထားခဲ့ကြ၏။ သူတို့မှ သာမန်အသိစိတ်တော့ ရှိကြရာ တကယ့်ခြိမ်းခြောက်မှုများ ရောက်လာချိန်၌ ပိုမိုကောင်းမွန် သော ဆုံးဖြတ်ချက်တွေ ချတတ်ကြမည်ဟု မျှော်ကိုးခဲ့ကြ၏။ ကျွန်မကိုယ်တိုင် ပင် ကျွန်မ၏ WE chat အုပ်စုမှ မိတ်ဆွေတစ်ဦးထံ စာပို့ဖူးသည်။
အစိုးရအနေနဲ့ ဒီလောက်ကြီးမားတဲ့ကိစ္စကိုတော့ ဘယ်တော့မှ ဖုံး ကွယ်ဖို့ မကြိုးစားရဲပါဘူး
ကောင်းသတင်းတွေ ပလူပျံအောင် ဖော်ပြကြ၊ မကောင်းတာတွေဆို ဖုံးဖိ တားဆီးပိတ်ပင်တာမျိုးတွေ၊ ပြည်သူတွေ မှန်တာပြောမှာကို ပိတ်ဆို့တား ဆီးတာတွေ၊ ပြည်သူတွေ ဖြစ်ရပ်အမှန်သဘောသဘာဝကို နားလည်ဖို့ တားမြစ် ထားတာတွေ။ ဒါတွေကအရိုးစွဲအောင်လုပ်ဆောင်ခဲ့တော့ အမူအကျင့် များပင် ဖြစ်နေကြပြီ။ (ယခုတော့ ဟူဘေးပြည်နယ်မှ အဆင့်မြင့်ရာထူးရှိ ပုဂ္ဂိုလ် ကြီးတွေကိုတော့ ရာထူးမှ ထုတ်ပယ်ခဲ့ပါပြီ။ သို့သော် ထပ်ဆင့်တာဝန်ရှိသူအချို့ ကား ကျန်ရှိနေဆဲ) ။ ဤသို့ဖြင့် ဝူဟန်မြို့ရော လူတွေပါ ကွာရင်တိုင်း (၇၆) ရက် ကျခံရတော့၏။
(၃)
ဇန်နဝါရီ ၂၀ မှစ၍ ဝူဟန်သည် တထိတ်ထိတ် တလန့်လန့် သောက ဗျာပါဒတွေအောက်၌ ကျရောက်ခဲ့၏။ နောက်ထပ်သုံးရက်အကြာတွင်တော့ ကွာရင်တိုင်း အချခံရတော့သည်။ လူတွေ သန်းနှင့်ချီပြီး ကူးစက်ရောဂါပျံ့နှံ့မှု ကိုတားဆီးရန် ကွာရင်တိုင်းတွင်းမှာ နေကြရ၏။ ဤသို့ အချိန်တိုအတွင်းအလွန် ခက်ခဲသော ဆုံးဖြတ်ချက်ချရခြင်းလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကွာရင်တိုင်းအမိန့်မှာ ဝူဟန်မြို့သူမြို့သားတိုင်း၏ဘဝကို ထိရောက်စေသော ကြောင့် ဖြစ်၏။ ဤသည်မှာ ဝူဟန်မြို့သမိုင်းတွင် နှစ်ထောင်ပေါင်းများစွာ အတွင်း တကယ့်ကို ထူးထူးခြားခြား ဖြစ်ရပ်ပင်တည်း။ ဤသို့ မလုပ်မဖြစ်လုပ် ရသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် ရက်အနည်းငယ် ကားနောက်ကျသွားသည်။