ခေတ်အလိုက်အမေဝတ္ထုတိုများ
လေးကိုတင်
12000 က်ပ္
" အမေဟာ သက်ရှိဘုရား လို့ ဆိုကြတယ်။ သားသမီးတွေက အဖေရော အမေပါ တန်ဖိုးတူ ထားကြပေမဲ့ မိခင် အမေကို ပိုချစ်ခင်ကြတယ်။ အမေကို တမ်းတလွမ်းတဲ့ သီချင်းပေါင်းများစွာ ဖွဲ့ဆိုကြတယ်။ ရုပ်ရှင်များစွာနဲ့
အမေကို ဂုဏ်ပြုကြတယ်။ အမေ့မေတ္တာဖွဲ့ဝတ္ထု ဇာတ်လမ်းတွေရေးပြီး အမေကို ချစ်ကြောင်းပြကြတယ် "
အကယ်၍ သမုဒ္ဒရာကြီးဟာ မင်ရည်တွေဖြစ်ခဲ့ရင် စုတ်တံတစ်ချောင်းနဲ့ မိုးကောင်းကင်ကြီး အပြည့် မိခင်မေတ္တာကို စာပန်းချီခြယ်မယ် ဆိုပါစို့။ ကောင်းကင်တစ်ခွင်သာ စာလုံးတွေ ပြည့်သွားမယ် မိခင်မေတ္တာဟာ စာဖွဲလို့ မကုန်နိုင်ပါဘူးတဲ့။
ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ မိခင်မေတ္တာဖွဲ့ ဝတ္ထုတွေ ဟာခေတ်အဆက်ဆက်မှာ ပေါ်ထွန်းလာစမြဲပဲ။ အမြဲတမ်း အသစ်ဖြစ်နေမယ့်၊ ဘယ်တော့မှလည်း ရိုးမသွားမယ့် အကြောင်းအရာလို့ ပြောရမယ်။
သိန်းဖေမြင့် အိမ်ကနေတက္ကသိုလ်အပြန်မှာ ရထားနောက်ကနေ ပြေးလိုက်ခဲ့တဲ့ အမေ၊ စိတ်ဝေဒနာ ကပ်ငြိ နေလို့ တံတားလေး ဆေးရုံကို လိုက်ပို့ပေးရတဲ့ ဂျာနယ်ကျော်မမလေးရဲ့ အမေ ... ။ ခေတ်ဟောင်းက အမေ၊ ခေတ်သစ် အမေ အစုံအလင် တစ်စုတစ်စည်းထဲဖတ်ရပါမယ်။
ကျွန်တော်တို့ အားလုံးရဲ့ အမေဟာ ကမ္ဘာတည်သရွေ့ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတအဖြစ်၊ သားသမီးတွေအပေါ် ထာဝရ ခွင့်လွှတ်ခြင်းပြယုဂ် အဖြစ်တည်ရှိနေဦးမှာပဲ။
မဟာစာပေရဲ့ (၅) နှစ်မြောက် အထူးထုတ်အဖြစ် ထုတ်ဝေတဲ့ ခေတ်အလိုက် အမေဝတ္ထုတိုများ ထဲမှာ စာရေးဆရာ ဆရာမ (၇၄) ယောက်ရဲ့ မိခင် မေတ္တာဖွဲ့ ဝတ္ထုတို (၇၄) ပုဒ်ကို ဒီစာအုပ်မှာ စုစည်းပေးထားပါတယ် ။
စစ်ကြိုခေတ်က ပီမိုးနင်း၊ မင်းသုဝဏ်၊ မြမျိူးလွင်၊ သိန်းဖေမြင့် မာလာ တို့က စလို့ အလယ်ခေတ်က မောင်စိန်ဝင်း (ပုတီးကုန်း)၊ မအေးလေး၊ ကြူကြူသင်း၊ နန္ဒာစိုး (ဆင်ဖြူကျွန်း) တို့အပါ၊ ဒီဘက်ခေတ် စာရေးဆရာတွေ ဖြစ်တဲ့ စံပယ်ဖြူနု၊ မြစ်ကျိုးအင်း၊ ဆေးဆေ၊ မင်းဝေဟင်၊ ပျိုး စတဲ့ ရေးဖွဲ့ကြတဲ့ မိခင်မေတ္တာဖွဲ့ တွေကို ခံစားကြည့်နိုင်ပါပြီ။
မိခင်ဟာ သားသမီး အပေါ် အနှိုင်းမဲ့ မေတ္တာကို ဘယ်လို ပြခဲ့သလဲဆိုတာ ဒီဝတ္ထုတိုတွေမှာ ပေါ်လွင်ထင်ရှားအောင် ပြနိုင်ခဲ့ပါတယ် ။ ဝတ္ထုတို တစ်ပုဒ်ချင်းဟာ မှန်ကူကွက်ပမာ အဆင်အကွက် တစ်မျိုးစီနဲ့ မိခင်မေတ္တာကို ဖော်ပြနေပါတယ်။
ဒီဝတ္ထုတိုတွေ ဖတ်ပြီးရင် အမေ့အိမ်နဲ့ ဝေးနေသူတွေဆို အမေ့ဆီငှက်သွင်ပျံကြွမတတ် ချက်ချင်း ပြန်ချင်စိတ် ပေါက်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အမေနဲ့ အတူနေသူတွေ ဖြစ်ခဲ့ရင် စာအုပ်ဖတ်အပြီး အမေ့ပါးပြင်ကို ကြူကြူမွှေးချင်စိတ် ဖြစ်လာနိုင်မှာ အသေအချာပဲ။