ရှင်နေလျှက်နဲ့ တိမ်ဖြစ်တာကောင်းလား ...
သေသွားပြီးမှ တိမ်ဖြစ်တာကောင်းလား ...
မိုးအဖြစ် ပြန်လည်မရွာသွန်းရင်တော့ ပိုကောင်းမယ်ထင် ....
တစ်ခါတုန်းက ဧရာဝတီမြစ်တာရိုးပေါ်က ပြည့်တန်ဆာအိမ်ကလေးတွေဆ
ီကို ရဲအရာရှိတစ်ဦးနဲ့ အပေါင်းအပါတွေ ရောက်လာကြတယ် ။ ရဲအရာရှိရဲ့ မွေးနေ့တဲ့ ။ သူ့အပေါင်းအသင်းတွေကို အခမဲ့လာပျော်ပါးခိုင်းတာပေါ့ ။ ရဲအရာရှိနဲ့ ပါလာကြတဲ့လူတွေဟာ မူးရူးပြီး ဘယ်သူအရင်ပျော်ပါး ရမလဲဆိုပြီး ဘိုကျား သေနတ်ဆွဲလို့ အလှည့်ရွေးကာ ရယ်မော နေခဲ့ကြတယ် ။ မြစ်ဆိပ်မှာဆိုတော့ တချို့က ဖောင်ပေါ်မှာ ပျော်ပါးချင် ကြသေးတယ်တဲ့ ။ မူးရူးနေတဲ့ ဧည့်သည် တစ်ယောက်ကိုတော့ ပြည့်တန်ဆာမလေးက အန်ဖတ်တွေနဲ့တူအောင် ထမင်းကျန်ဟင်းကျန်တွေ လောင်းပြီး မြစ်ထဲ မျှောလိုက်သေးတယ်တဲ့ ။ ဒေါ်သက်သက်နွယ်ဆိုတဲ့ ခေါင်းမိန်းမကြီးရဲ့ လက်အောက်က ပြည့်တန်ဆာရုံကလေးပေါ့ ။ နန်းဆန်ဆန်ဆိုရရင်တော့ ဆီမီးယိုင်ယိုင် ဆောင်ကြာမြိုင်ကလေးပေါ့။
သိုက်တွေ နတ်တွေကိုကော ယုံကြည်ပါသလား ။ တိရိစ္ဆာန်တွေကကော ကျိန်ဆဲတတ်သလား ။ ပြီးတော့ အရင်ဘဝက ကိုယ့်မောင်နှမတွေက ဒီဘဝမှာ ဘာကြောင့် ပြည့်တန်ဆာအိမ်ရောက်အောင် ပို့ထားခဲ့တာလဲ ။ ဟိုးခန္တီးတကြောက နတ်ဝှက်ထားတဲ့ ရွှေမျှော်တွေ ။ ပြီးတော့ ဟိုးဥရုချောင်းရနံ့နဲ့ ကျောက်စိမ်းမှော်တွေ ။ ပြီးတော့ မူးယစ်ဆေးတွေ လွယ်လွယ်ဝယ်ယူလို့ရနေတဲ့ မန္တလေးမြို့ကြီးနဲ့ တရုတ်ရွာလေးလိုဖြစ်နေတဲ့ မန္တလေးကျောက်ဝိုင်းက ဈေးစကားပြောသံ တွေ ၊ နယ်စပ်ဒေသက အလွန်လွယ်ကူတဲ့ လူမှောင်ခိုပြဿနာတွေလည်း ဝတ္ထုထဲမှာ ဆူညံနေပါတယ် ။ ပြီးတော့ အချစ် … ။ ဟုတ်တယ် …. အချစ်တွေ။
အရမ်းချစ်လေလေ ကိုယ့်ကိုကိုယ် တုံးအပစ်ရလေလေပါပဲ ။ အစွန်းရောက်အောင် ချစ်သူတိုင်းက ကိုယ့်အမှားကိုယ် မြိုချသူတွေပါပဲ ။
ဆောင်ကြာမြိုင်ဆိုတာကလည်း ဆယ့်နှစ်ပွဲဈေးလိုပါပဲ ။ အချိန်တိုင်းနေရာရွှေ့ပြောင်းနေရတယ် ။ ဒေါ်သက်သက်နွယ်ရဲ့ ဆောင်ကြာမြိုင်က စက်မှုထဲ ရွှေ့လိုက်ရတယ် ။ ဒါပေမယ့် မကြာပါဘူး ။ ဆောင်ကြာမြိုင်လေးဟာ မီးဟုန်းဟုန်း တောက်အောင် လောင်ကျွမ်းသွားရတယ် ။ အဲ့ဒီနောက်မှာတော့ ဒီဇာတ်လမ်း စတင်ခဲ့တော့တာပဲ။
ဟုတ်တယ် … မီးမျာ းလောင်ကျွမ်းသွားပြီးနောက်မှာပေါ့ … ။
မီးတောက်တွေဟာ အနီရောင်ပဲ။ ဒါပေမယ့် အနီချည်းပဲတော့ မဟုတ်ဘူး ။ သွေးတွေဟာလည်း အနီပဲ။ ပတ္တမြားဟာ အနီပဲ ။ ဒါပေမယ့် အနီချင်းမတူဘူး ။ ပန်းချီသဘောအရဆိုရင် အနီရောင်ပေါင်း ဘယ်လောက်များပြားလဲ။ နဂိုအတိုင်းလေး နီထွေးတဲ့ပါး၊ ဆေးခြယ်တဲ့အခါ နီးမြန်းတဲ့ပါး ၊ ရှက်တဲ့အခါ နီမြန်းတဲ့ပါး ၊ ငိုကြွေးတဲ့အခါနီမြန်းတဲ့ပါး။
မည်သို့နီနီ # ပါးနီ ကတော့ နီခြင်းပေါင်းစုံနှင့် နီလွင်ခဲ့ဖူးပြီ မဟုတ်ပါလား။
စာရေးသူက မန္တလေးမြို့ကြီးရဲ့ အမှောင်ဘက်ခြမ်းကို အခြေပြုပြီး ရေးဖွဲ့ထားတာပါ ။ တချို့အဖြစ်အပျက်တွေကို ဖတ်ပြီး ရင် တကယ်ပဲလားလို့ စာရေးသူကို သွားမေးချင်လိမ့်မလားပဲ ။ တကယ်ဖြစ်ခဲ့တာတွေကော ရောပြွန်းရေသား လိမ့်မယ်လို့တော့ ကျွန်တော်တော့ စာအုပ်ညွှန်းရင်းထင်မိတာပဲ ။ ဒါကိုတော့ စာရေးသူ စာရေးဆရာ သူဝေးပဲ သိမှာပေါ့ ။ ဝတ္ထုရဲ့ အသားထဲမှာ ရှုပ်ထွေးမည်းမှောင်နေတဲ့ စိတ်တွေ ၊ ဘဝတွေ ၊ အနာတွေ ၊ အမြင်တွေ ရွစိတက်နေတာမို့ တစ်ရွက်ချင်း အရသာခံသွားနိုင်ဖို့ ညွှန်းဆိုလိုက်ရပါတယ်။