ရွှေမန်းဇာတိ ပဝတ္တိ အောင်ပင်လယ်
ခန့်ညီဖေ
3000 က်ပ္
ခေတ်အဆက်ဆက် စာရေးဆရာတွေ၊ စာပေ ဝေဖန်ရေးဆရာတွေ၊ သုတေသီတွေဟာ ဝတ္ထုတိုဆိုတာ ဘယ်လို ဖြစ်ရမယ်၊ ဘယ်လိုအင်္ဂါရပ်တွေ ပါရမယ်ဆိုပြီး အဓိပ္ပါယ်တွေ ဖွင့်ဆိုကြ၊ ငြင်းကြခုန်ကြတာ အမြဲပါပဲ။ ဘာပဲပြောပ�
�ော၊ အယူအဆတွေ ဘယ်လောက် ကွဲကွဲ ဝတ္ထုတို တွေဟာ လူသားတွေ အကြောင်း အများဆုံး ရေးဖွဲ့ကြတာ များပါတယ်။ လူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ အကြောင်းတွေကိုပဲ အမြဲရေးဖွဲ့နေ ပါနေရတာသေချာတယ်။
ခေတ်တွေ ပြောင်းသွားတယ်၊ လူတွေ ပြောင်းသွားတယ်။ ဒါပေမဲ့ လူတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ်တွေ၊ အထက်ဖား အောက်ဖိ မျက်နှာလိုက်တဲ့ စိတ်ဓာတ်တွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဂုဏ်နဲ့ ငွေရှိသူသာ အခရာ ဆိုတဲ့ ဘက်လိုက်မှုတွေဟာ ရှိနေဆဲပါ။ နောင်လည်း ရှိနေဦးမှာပါ။ အဲဒီတော့ ခေတ်တိုင်းကို အခြေပြုတဲ့ ဖိနှိပ်သူ လူတစ်စုနဲ့ ဖိနှိပ်ချုပ်ချယ်ခံ လူတွေအကြောင်းကို ဆရာခန့်ညီဖေ ရေးသားထားတဲ့ ရသဝတ္ထုတိုတွေမှာ ပုံစံတစ်မျိုးနဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်။
ဆရာခန့်ညီဖေရဲ့ ဝတ္ထုတိုတွေဟာ ရွှေအမြူတေမဂ္ဂဇင်းမှာ အမြဲပါလေ့ရှိပါတယ်။ ရသဦးစားပေး မဂ္ဂဇင်း တစ်စောင်မှာပါခဲ့တဲ့ ဝတ္ထုတိုတွေဆိုတော့ ရသမြောက်တဲ့ဝတ္ထုတိုတွေ ဖြစ်မယ်ဆိုတာ သေချာပြီးသားပါ။ ဒီစာအုပ်က ရွှေအမြူတေမဂ္ဂဇင်း ထဲမှာပါခဲ့တဲ့ ဆရာခန့်ညီဖေရဲ့ဝတ္ထုတို ၁၆ ပုဒ်ကို စုစည်းထားတာမို့ ဖတ်လို့ကောင်းမှာ အသေအချာပါပဲ။
ဒီဝတ္ထုတို ၁၆ ပုဒ်ထဲမှာ...
◼ မိမိကို ဖြစ်တည်လာစေတဲ့ အိမ်ရှင်မိသားစုရဲ့ လောကဓံအရွေ့ကိုမြင်ပြီး ကရုဏာသက်နေတဲ့ တဲ တစ်လုံးရဲ့ ကြေကွဲမှုတွေပါတယ် (တဲ )
◼ သွေးအားနည်း ရောဂါဖြစ်နေတဲ့ ညီငယ်အတွက် ကျောကုန်းကို ဆူးစူးခံ၊ လက်တွေ ပေါက်ပြဲအောင် အလုပ်လုပ်ပြီး အမဲသားဖိုး ရှာတဲ့ ဆယ်ကျော်သက်အရွယ် အစ်ကိုတစ်ယောက်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ပါတယ် ( ကယ်ပေါက် )
◼ သစ်ပျဉ်ချပ်တွေ ကားအစီးလိုက် သယ်ယူပို့ဆောင်နေတာ ဘာ အဖမ်းအဆီးမှမရှိဘဲ အမြန်လမ်းမကြီး ဘေးမှာ ယုန်လေးတွေရောင်းတဲ့ အဘိုးအိုကိုပဲ ဖြတ်တိုက်သွားတဲ့ လောကဓံမုန်တိုင်းကို တွေ့ရမယ် (ဆန်ခိုး နဲ့ ဖွဲခိုး )
ကျန်တဲ့ဇာတ်ကောင်တွေကိုတော့ ဒီစာအုပ်ကိုဖတ်ပြီးရှာဖွေ ကြည့်ပါဦးလို့ တိုက်တွန်းပါရစေ။
ဒီကမ္ဘာလောကကြီးနဲ့ လူသားတွေအပေါ် ကိုယ်ချင်းစာနားလည်ခြင်းတွေ၊ ကူညီ ရိုင်းပင်းချင်တဲ့ စိတ်ဓာတ်တွေနဲ့ မတရားသဖြင့် ဖိနှိပ်သူတွေကို ရွံမုန်းတဲ့စိတ်တွေ ဖြစ်ပေါ်လာစေဖို့ ဒီဝတ္ထုတိုလေးတွေက တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်မှာပါလို့ ညွှန်းဆိုသောစကားပြောပါရစေ။