အိပ်မက်အသစ် စာပေရဲ့ (၁၄) နှစ်ပြည့်အမှတ်တရအဖြစ် စာအုပ်ကောင်းတွေကို ထုတ်ဝေတဲ့အထဲမှာ ဆရာသစ္စာနီရဲ့ Anthology လို့ခေါ်တဲ့ စပဒေသာ၊ စာညွန့်ပေါင်း စာအုပ်တစ်အုပ်လည်း အပါအဝင်ဖြစ်ပါတယ်။ စာရေးဆရာတစ်ဦး
ရေးသမျှ ကဗျာ၊ ဝတ္ထုတို၊ အက်ဆေး၊ ဆောင်းပါး၊ ဝေဖန်စာ စတဲ့ စာအမျိုးအစား အစုံအလင်ကို စာအုပ်တစ်အုပ်တည်း အထဲမှာ စုပေါင်းစုစည်း ထုတ်ဝေထားတဲ့ Collection of Literary Works ဖြစ်ပါတယ်။ စာရေးသူ တစ်ဦးရဲ့ စာတွေကို တစ်စုတစ်စည်းတည်း စာအစုံ ဖတ်ရတဲ့အတွက် စာဖတ်သူက ဒီစာရေးဆရာရဲ့ အနုပညာဖန်တီးမှု၊ အနုပညာ လက်ရာသဘောသဘာဝကို ကောင်းကောင်းကြီး နားလည်သဘောပေါက်နိုင်စေပါတယ်။ ဒီစာအုပ်မှာလည်း ဆရာသစ္စာနီ ရေးခဲ့တဲ့ စာပေလက်ရာ အစုံ၊ ကဗျာ၊ ဝတ္ထုတို၊ အက်ဆေး၊ စာအုပ်အညွှန်း၊ အမှတ်တရ၊ လူငယ်ကဏ္ဍ၊ အနုပညာကဏ္ဍ၊ ဘာသာပြန်ကဏ္ဍ၊ ဝတ္ထုလတ်၊ ကဗျာစီးရီး … စတဲ့ အရသာအစုံကို ခံစားကြရမယ့် စာပေဟင်းပေါင်းအိုး၊ စာပေပဒေသာ စာအုပ်တစ်အုပ်ပါပဲ။ ဆရာသစ္စာနီရဲ့ ဒီလို စာပေညွှန့်ပေါင်း Anthology စာအုပ်မျိုးကို သုံးပွင့်ညီညာ စာပေကနေ ‘ကျွန်တော့်ရဲ့ ပြတင်းပေါက်’ အမည်နဲ့ ပထမတစ်အုပ် ထုတ်ဝေခဲ့ဖူးတာမို့ ဒီတစ်ကြိမ်ကတော့ ဒုတိယမြောက် စာအုပ်လေးအဖြစ် စာချစ်သူတို့ အရသာစုံလင်စွာ ဖတ်ရှုကြရမှာပါ။