ကမ္ဘာ့ဝတ္ထုသမိုင်းမှာ ရုရှားဝတ္ထု ရေး ဆရာတွေဟာ ထိပ်တန်း တစ်နေရာမှာ ရှိတယ်လို့ ဆိုကြတယ် ။ တော်လ်စတွိုင်း ၊ မစ်ခေးရှိုလိုကော့ ၊ အန်တွန် ချက်ကော့ဗ် ၊ တူရဂေညက် ၊ ဂေါ်ကီ တို့ဟာ ကမ္ဘာကျော် ရုရှ
ား စာရေးဆရာကြီးတွေ ဖြစ်ကြပါတယ် ။ အခု ဒီစာအုပ် တောရိုင်းမြေ ဟာ ကမ္ဘာ့ဂန္ဓဝင် စာပေ စာရင်းဝင် ဖြစ်ပါတယ် ။
တောရိုင်းမြေ စာအုပ် ရေးသူ က မစ်ခေးရှိုလိုကော့ (၁၉၀၅_၁၉၈၄) ဖြစ်ပါတယ် ။ သူဟာ ရုရှားတောင်ပိုင်းက ကျေးတောသား တစ်ယောက် ဖြစ်တယ် ။ နောက်ပြီး ရုရှားပြည်မှာ ထင်ရှားတဲ့ ကော့ဆက် စစ်သည်တော် အနွယ်ဝင်လည်း ဖြစ်ပါတယ် ။ မစ်ခေးရှိုလိုကော့ က ပြည်တွင်းစစ်ကာလ အတွင်း ကနေ ၁၉၂၂ အထိ တပ်နီတော်မှာ အမှုထမ်း ခဲ့တယ်.။
ရှိုလိုကော့ ဟာ စာရင်းအင်းဋ္ဌာနမှာ စာရေးအဖြစ် အမှုထမ်းဖူးတယ် ။ မူလတန်း ကျောင်းဆရာအဖြစ်လည်း လုပ်ဖူးတယ် ။ သင်္ဘောကြီး ကုန်တင်ကုန်ချ အလုပ်သမား အဖြစ်လည်း လုပ်ဖူး၏ ။ စစ်သား အဖြစ်နှင့် တိုက်ပွဲ ဝင်ခဲ့ဖူးတယ် ။ သတင်းစာဆရာလည်း ဖြစ်ခဲ့ဖူး၏ ။ သူ့ရဲ့ ဘဝအတွေ့အကြုံ တွေဟာ စုံလင်လှပါတယ် ။ နောက်တော့ ၁၉၂၃ မှာ ဝတ္ထု စတင် ရေးသားခဲ့ပါတယ် ။
တောရိုင်းမြေ ဝတ္ထုကြီးရဲ့ နောက်ခံကာလ က ၁၉၃၀ ဝန်းကျင် ၊ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ပြီးဆုံးခါစ အချိန် ၊ တန်ပြန် တော်လှန်ရေးသမားတွေဟာ ဒွန်ဒေသမှာ ဆိုဗီယက်အစိုးရကို ပြန်လည် တိုက်ခိုက်နေချိန် ဖြစ်ပါတယ် ။ ပြည်တွင်းစစ် ကာလ လည်း ဖြစ်တယ် ။
မြို့ကြီးတွေမှာ ခေတ်မီ စက်မှုလုပ်ငန်းတွေ ၊ စက်ရုံကြီးတွေ တည်ထောင်နေချိန် ဖြစ်တယ် ။ ကျေးလက်တောရွာ တွေမှာတော့ လူနေမှု အဆင့်အတန်း ကတော့ နိမ့်ကျနေဆဲ ပါ ။ ကျေးလက်ကို တိုးတက်လာစေဖို့ မြို့ကြီးတွေက ပါတီ ခရိုင်ကော်မတီ အဖွဲ့က စက်ရုံလုပ်သား တွေကို စည်းရုံရေးဆင်းဖို့ ကျေးလက်ကို လွှတ်ကြတယ် ။
လီနင်ဂရက်မြို့က စက်ရုံလုပ်သား တစ်ယောက် ဖြစ်တဲ့ ဆေးမြွန် ဒါဗီးဒေါ့ ကို ကွန်မြူနစ် ပါတီက တာဝန်တစ်ခု ပေးတယ် ။ ဒွန်မြစ်ကမ်းနားက ဂရယ်မျချီ ဆိုတဲ့ ရွာကို သွားပြီး စုပေါင်းလယ်ယာ ထူတောင်ဖို့ ၊ လယ်ပိုင်ရှင်ကြီးတွေ ဆီက ပစ္စည်း သိမ်းဖို့ စတဲ့ စည်းရုံးရေး တာဝန်တွေ ပေးအပ်လိုက်ခြင်း ဖြစ်ပါတယ် ။ ရွာခံ ကော်မတီဝင်တွေနဲ့ ချိတ်ဆက်ပြီး စည်းရုံးရေး ဆင်းရမှာ ဖြစ်ပါတယ် ။
ကော့ဆက်လူမျိုးတွေ အခြေချ နေထိုင်ရာ ဗော်လဂါ ချိုင့်ဝှမ်း ဒေသမှာ ဒွန်မြစ်ကြီး စီးဆင်းနေပါတယ် ။ ဒွန်မြစ်ကြီး ဟာ ရုရှားနိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ် ။ အဲဒီ ဒွန်မြစ်ကမ်းက ဂရယ်မျချီ ရွာ အပြင် အခြား ရွာတွေကိုပါ စည်းရုံးပြီး စုပေါင်းလယ်ယာ ထူထောင်တဲ့ ကိစ္စ ဟာ အတော် တာဝန်ကြီးပါတယ် ။ ကွန်မြူနစ်ပါတီ ကို မယုံကြည်သူတွေ ၊ တန်ပြန် တော်လှန်ရေးသမားတွေ ၊ ရှေးရိုးစွဲ လယ်သမားတွေက အတိုက်အခံ ပြုမှုတွေကို ရွာခံ ပါတီဝင်တွေနဲ့ အတူ ရင်ဆိုင်ဖြေရှင်းရပါတယ် ။ ဒီကြားထဲ လူပျို လူလွတ်တစ်ယောက် ဖြစ်နေတဲ့ ဒါဗီးဒေါ့ ရဲ့ အချစ်ရေး ကိစ္စတွေကလည်း ပြည်ထဲရေးထက် လွမ်းရေးခက် ဆိုသလို ကြုံရပြန်တယ် ။ စနစ်ဟောင်းနဲ့ စနစ်သစ် တို့ရဲ့ အားပြိုင်မှု ကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ။
ပုဂံစာအုပ်တိုက် ကနေ ၁၉၆၅ ခုနှစ်က ပထမအကြိမ် နှစ်တွဲခွဲ ထုတ်ဝေခဲ့ပြီး တစ်ခါမှ ပြန်လည် ထုတ်ဝေခြင်း မပြုရသေးတဲ့ ဂန္ထဝင် စာအုပ်တစ်အုပ် ဖြစ်တဲ့ တောရိုင်းမြေ ကို နှစ်တွဲပေါင်းချုပ် ပထမအကြိမ် အဖြစ် မဟာစာပေ မှ ဂုဏ်ယူစွာ ထုတ်ဝေလိုက်ပါတယ် ။