စာရေးသူ - ဝင့်ပြုံးမြင့်
"တရားဥပဒေ က လူတွေကို ကာကွယ်မပေးနိုင်ဘူးလား " ဒီမေးခွန်းကို ဖြေဖို့ရာ အတော်ခက်ပါတယ် ။ လူကောင်းသူကောင်း တွေအတွက် တကယ်ပဲ တရားဥပဒေ က အကာအကွယ် အစောင့်ရှောက် မပေးနိုင်�
��ဲ့ရင် လူ့အဖွဲ့အစည်း အတွင်းမှာ ဘယ်လို အဖြစ်ဆိုးတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို စာရေးဆရာမ က မေးခွန်း ထုတ်ထားလေရဲ့ ။ အဲဒီ စာအုပ် ကတော့ ဆရာမ ဝင့်ပြုံးမြင့် ရဲ့ ပထမဆုံး ပင်ကိုရေးဝတ္ထု ဖြစ်တဲ့ "ပိုင်း" ဆိုတာပါပဲ ။
ဆရာဇော်ဂျီ ရဲ့ မွေးရပ်မြေ ဟာ ဖျာပုံမြို့ ဆိုတာ လူတိုင်း သိကြပါတယ် ၊ ဒါပေမဲ့ ဖျာပုံမြို့ အကြောင်းကို ကျွန်တော်တို့ သေချာ ဂဃနဏ မသိခဲ့ဘူး.။ ဒီဇာတ်လမ်းကို ဖတ်ရှုခံစားရင်းနဲ့ပဲ စာဖတ်သူကို ဖျာပုံ ဆိုတာ ဘယ်လိုမြို့လဲ သိသွားစေနိုင်တယ် ။
ဖျာပုံမြို့ လယ်က အိမ်မဲကြီး တစ်လုံး.၊ ဟောင်းနွမ်းနေပြီ ဖြစ်ပေမဲ့ အရင်တုန်းက ထည်ထည်ဝါဝါ ရှိခဲ့တဲ့ အရိပ်အရောင် တွေလည်း ရှိနေတယ် ။ အဲဒီ အိမ်ကြီးနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လူတွေ အဲဒီအိမ်ပေါ် ရောက်နေကြတယ် ၊ စိုးမိုး နေထိုင်ကြတယ် ။ သူတို့က ဘယ်သူတွေ များလဲ ။ ဘာကြောင့် ဒီအိမ်ကို ပိုင်စိုးထားသလဲ ။
ဖျာပုံမြို့ မှာ ခေတ်မီ ဆန်စက်ကြီး လာတည်တဲ့ သူဋ္ဌေး တစ်ယောက်။ လူလတ်ပိုင်း.၊ သားသမီး ရှိတဲ့ အိမ်ထောင်သည် တစ်ယောက် ။ သူနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လူတန်းစားရပ်ကွက် ထဲက ဝါ ဆိုတဲ့ မိမာယာ နဲ့ တွေ့တဲ့ အခါ သူ့ဘဝဟာ စောက်ထိုးမိုးမျှော် ကျခဲ့ရတယ် ။ ဘာကြောင့်ပါလဲ ...
"လောကကို ကြီးစိုးတာ ခန္ဓာကိုယ်...
ဒီ ခန္ဓာကိုယ် ကို ရင်းရင် ဘာမဆို ရရမယ် " လို့ဆိုတဲ့ အမေ့စကားကို အကောင်အထည် ဖေါ်ခဲ့သူက အသက်၂၀ကျော် အပျိုလေး ဝါဝါတင်ဝင်း ခေါ် ဝါ ။ သူက
အပျိုလေးပေမဲ့ ယောက်ျားတစ်ယောက် သူ့ကို စွဲလမ်းနေအောင် အပြုအစု ကျွမ်းကျင်သူ ။ ဆန်စက်ပိုင်ရှင် ဦး ကို အနိုင်ယူ ပိုင်း နိုင်ခဲ့တဲ့ သူ ။
"အဲဒါကြောင့် ပြောတာ ငါ့မြေး ၊ ဥပဒေကို နားလည်အောင် လုပ်ထားပါလို့ ။ တရားမျှတမှုနဲ့ ဥပဒေဟာ ထပ်တူမကျပါဘူးလို့ " လို့ သွင် ရဲ့ အဘိုးကပြောတယ် ။
သွင် က ရန်ကုန် ကနေ ဖျာပုံ က အဘိုး ရှိရာကို အလည်လာတဲ့ မိန်းကလေး ။ သူပဲ ဒီဇာတ်ကြောင်းကို ပြောပြသွားခဲ့တယ် ။ ဘာကြောင့် အဘိုး ဖြစ်သူက တရားမျှတမှုနဲ့ ဥပဒေက ထပ်တူမကျသလဲ ဆိုတာကို အိမ်မဲကြီး ကို သက်သေပြုပြီး သွင့်ကို ပြောပြသွားတာ စိတ်ဝင်စားစရာ ပါပဲ ။
ဘာသာပြန် စာအုပ် ၁၅ အုပ် တိတိ ရေးခဲ့တယ် ။ ရေးခဲ့သမျှ ဘာသာပြန် စာအုပ်တွေ အတော်များများကိုလည်း ပရိတ်သတ်တွေ အကြိုက်တွေ့ နှစ်သက်ခဲ့ကြတဲ့ ဆရာမ ဝင့်ပြုံးမြင့် ရဲ့ ပင်ကိုရေး ဝတ္ထု တစ်ပုဒ် ။ ဘာသာပြန်စာအုပ် တွေမှာ ကတည်းက အရေးအသား ချောမွေ့တဲ့ ဆရာမ ဆိုတော့ ပင်ကိုရေး ဝတ္ထု မှာလည်း ဆရာမရဲ့ အဖွဲ့အနွဲ့တွေ ပြောစရာ မလိုဘူးပေါ့ဗျာ ။ ကျွန်တော်တို့ လက်ရှိခေတ်နဲ့ တရားဥပဒေ ကို မေးခွန်းထုတ် ဝေဖန်ထားတဲ့ ဖျာပုံမြို့ နောက်ခံ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ။