စာရေးသူ - သခင်စိုး စာမျက်နှာ - ၁၅၁ ‘တူကို အသုံးပြုသော အလုပ်သမားများ … တို့သည် တံဇင်ကို အသုံးပြုသော လယ်သမားများနှင့် … သွေးစည်းခါ၊ သွေးထွက်သံယိုခံ၊ အသက်အသေခံခါ ဓနရှင်စနစ်ကို တော်လှန်ဖြိုဖျ�
��်ပြီး … ဆင်းရဲသားလောက တည်ထောင်ရန် ဖြစ်၏။ ဓနရှင်စနစ်ကို တော်လှန်ရာတွင် … ဆိုရှယ်လစ်ဝါဒသည် ကြယ်တာရာသဖွယ် လမ်းညွှန်လမ်းပြ ဖြစ်စေသတည်း …’ သခင်စိုး ရေးသားပြီး သခင်သန်းထွန်း တည်းဖြတ်ထားတဲ့ ဆိုရှယ်လစ်ဝါဒ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ကို ၁၉၃၈ ခုနှစ်က ပထမအကြိမ်အဖြစ် နဂါးနီစာအုပ်တိုက်ကနေ ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ယဉ်မျိုးစာအုပ်တိုက်ကနေ ၂၀၁၉၊ မေလမှာ ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ သမိုင်းဝင်စာအုပ်ဖြစ်တဲ့ ဒီစာအုပ်ကို ဒုတိယအကြိမ် ပြန်လည်ဆန်းသစ် ထုတ်ဝေခြင်းဖြစ်ပေမယ့် အမှတ်တရဖြစ်စေလိုခြင်းကြောင့် မူရင်းသတ်ပုံစာလုံးပေါင်းအတိုင်း မပြင်မဆင် မတည်းမဖြတ်ဘဲ နဂိုမူလအတိုင်း ရိုက်နှိပ်ထုတ်ဝေထားတယ်လို့ ဆိုထားပါတယ်။ ဒီစာအုပ်ကို မူလထုတ်ဝေဖို့ ကြေညာတုန်းက ဆင်းရဲသားဝါဒ လို့ အမည်ပေးထားခဲ့ပြီး စာအုပ်ရိုက်တဲ့အခါမှာတော့ ဆိုရှယ်လစ်ဝါဒလို့ အမည်ပြောင်းခဲ့ပါတယ်။ ဘာလို့ အမည်ပြောင်းရသလဲ။ အဲဒီခေတ် ဗမာ့နိုင်ငံရေးဂိုဏ်းများမှာ ဆင်းရဲသားတွေဘက်က ဂိုဏ်းလေးဂိုဏ်း ရှိခဲ့ပါတယ်။ ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားဝံသာနုဂိုဏ်း၊ ဦးဘလှိုင်ရဲ့ လေဘာအဖွဲ့အစည်း၊ ဖေယီယန်အဖွဲ့နဲ့ တို့ဗမာအစည်းအရုံးတို့ ဖြစ်ကြပါတယ်။ ဒီအဖွဲ့အစည်း လေးခုက ၎င်းတို့ရဲ့ ဝါဒကို အမည်အမျိုးမျိုး ပေးထားကြပါတယ်။ ဒါပေမဲ့ ဒီဝါဒ လေးခုစလုံးဟာ ဆိုရှယ်လစ်ဝါဒ မဟုတ်စေကာမူ အခြေခံသဘောတရားတို့ကိုတော့ ဆိုရှယ်လစ်စာပေတွေကနေ ဆင့်ပွားယူထားတယ်လို့ ဆိုကြပါတယ်။ ကဲ … ဆိုရှယ်လစ်ဝါဒရဲ့ သမိုင်းဝင်စာအုပ်ဖြစ်တဲ့ ဒီစာအုပ်ကို မဖတ်ဖူးရင် ဖတ်ကြည့်ကြပါဦး။