စာရေးသူ - အောင်မိုးဝင်း
စာမျက်နှာ - ၃၄၀
ရန်ကုန်လမ်းမများ စာအုပ်တိုက်ကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်သစ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် စာချစ်သူတို့ရေ။ စာအုပ်နာမည်က ‘နှင်းရည်တစက် အိပ်မက်တသက
်’ တဲ့။ စာရေးသူက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုအောင်မိုးဝင်း။ သူ့စာအုပ်ရဲ့ ထူးခြားချက်တစ်ခုက စာအုပ်အမျိုးအစား သတ်မှတ်မှုကို Political Drama လို့ ရေးထားတာပါပဲ။ ဒီစာအုပ်မှာ နိုင်ငံရေး စာပေရေးသားမှုတွေထဲက ထူးခြားတဲ့ရေးဟန်ကို ဖတ်ရှုကြရပါမယ်။ ဒါ့အပြင် ၁၉၈၈ ကနေ ယနေ့အချိန်ထိ လူသိပ်မသိသေးတဲ့ အချက်အလက် အသစ်တွေ အငြင်းပွားစရာတွေ အထက်ဗမာပြည် ဗကသလှုပ်ရှားမှု သမိုင်းတွေ (အထူးသဖြင့်) ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် နယ်စပ်ဒေသ ပရိုပိုဇယ်နိုင်ငံရေးအပေါ် ဝေဖန်ချက်တွေကို … သူ့စာအုပ်မှာ တွေ့ရနိုင်ပါတယ်။ သူ့စာအုပ်ထဲက ''သင်္ကန်းကျွန်း တောင်ဥက္ကလာ စိတ်ရောဂါ'' ဆိုတဲ့ အခန်းလေးကတော့ နိုင်ငံရေးစိတ်ဝင်စားသူတွေ တအံ့တသြ ဖြစ်စေမဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ပါတဲ့ ‘သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ စိတ်ရောဂါ’ ဆိုတဲ့ အခန်းက စာမြည်းလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။
‘တကယ်တော့ မြန်မာပြည်နိုင်ငံရေး ယဉ်ကျေးမှုကိုက လူမျိုးရေး ပြဿနာ၊ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့တာတွေ သိပ်များတယ်။ ကိုယ်ကျိုးစီးပွား နိုင်ငံရေးတွေက သိပ်များတယ်။ မြောက်ပိုင်းမှာ ကျောင်းသားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတယ် ဆိုတာလဲ ဒီသဘောပဲ။ စစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးတော့မယ် ဆိုတော့ အယူအဆမတူတဲ့ကျောင်းသား ဗမာကျောင်းသားခေါင်းဆောင်တွေကို ရှင်းထုတ်မှ ရမယ်။
ဗမာလူမျိုးစုခေါင်းဆောင်ဆိုသူတွေရဲ့ ခံယူချက်တွေကို ကြည့်လိုက်ပြန်တော့လဲ အုပ်စုဖွဲ့ လူပေါ်လူဇော် လုပ်ချင်သူတွေက များနေတာကိုး။
၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ကြည့်လိုက်ရင်လဲ ဒီသဘောပါပဲ။ လက်ဝဲနိုင်ငံရေးသမားတချို့က စီးပွားရေးအဆင်မပြေတဲ့ သင်္ဃာန်းကျွန်း၊ တောင်ဥက္ကလာ နယ်မြေတွေမှာ နေတဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားလူစုတယ်။ အုပ်စုတောင့်လာတော့ နေရာယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ လူတန်းစားလက္ခဏ ဆိုတဲ့ စရိုက် လက္ခဏာသုံးသပ်မှု လိုပါပဲ။ ဝရုန်းသုန်းကား အခြေအနေတခုမှာ ဆူဆူညံညံ လက်သီးလက်မောင်းတန်း အော်ဟစ်နိုင်တဲ့ ကျောင်းသားခေါင်းဆောင်တွေက လူအာရုံစိုက်ခံရ၊ ပေါ်ပြူလာ ဖြစ်လာကြတယ်။ ဒါပေမယ့် အရေးတော်ပုံကြီး သက်တမ်းကြာလာတာနဲ့ အမျှ၊ မူလ လူတန်းစား စရိုက်လက္ခဏာနဲ့ ပညာရေးအရည်အချင်းတွေက ထင်ထင်ရှားရှားပေါ်လာတော့တယ်”