စာရေးသူ - ဝင်းငြိမ်း (မြန်မာပြန်) - ဒုတိယအကြိမ်
စာမျက်နှာ - ၂၇၀
ကမ္ဘာပေါ်က မည်သည့် ဒေသမှာ မဆို စစ်ပွဲတွေ ဖြစ်ပွားပြီ ဆိုရင် စစ်ရဲ့ ဆိုးကျိုး အနိဋ္ဌာရုံတွေကို အမြဲ မြင်တွေ့ရတယ် ။ စစ်ဖြစ်ပြီ �
�ိုမှဖြင့် လက်နက်ကိုင် တိုက်နေတဲ့ စစ်သားတွေအပြင် အရပ်သား ပြည်သူတွေပါ လက်နက်ဘေးဒဏ် သင့်ခံကြရတဲ့ ကပ်ဆိုးတစ်ခုလို့ ပြောရမယ် ။
ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလိပ်တွေ အုပ်စိုးထားတဲ့ မြန်မာပြည်ကို ဂျပန်တွေက လေယဉ်ပျံတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စတင် ဆင်နွဲခဲ့တယ် ။ နောက် ၂နှစ်လောက် ကြာတော့ မဟာမိတ်တပ်တွေက မြန်မာပြည်ကို ဗုံးတွေ လာကြဲကြပြန်တယ် ။ ဗုံးတွေ အပြင်းအထန် ကြဲချခံနေရတဲ့ တောင်ကြီး ၊ မေမြို့ ဒေသတွေမှာ ဂျပန်ခေတ်အတွင်း မိန်းမသားတစ်ယောက်ရဲ့ အတွေ့အကြုံ တွေဟာ တော်ရုံလူ သွေးပျက်စရာပါ ။ ပြီးတော့ သူကလည်း မြန်မာပြည်ဖွားဆိုပေမဲ့ လူဖြူ အမျိုးသမီး တစ်ယောက် ဖြစ်နေတယ် ။ လူဖြူအမျိုးသမီး ဖြစ်နေတာကြောင့် ဂျပန်တွေက ဟယ်လင့် ရုပ်ရည်ကြည့်ပြီး သူလျှို လို့ စွတ်စွဲကာ ခဏခဏ ဖမ်းစီး နှိပ်စက်ခြင်း ကိုလည်း ခံခဲ့ရရှာတယ် ။
ချန်ကေရှိတ်ရဲ့ ဆိုးဝါးလှတဲ့ တရုတ်စစ်သားတွေ ၊ ရက်စက် ကြမ်းကြုတ်တဲ့ ဂျပန်စစ်သားတွေ ၊ တောမီးလောင်မှ လက်ခမောင်းထခတ်တဲ့ တောကြောင်တွေရဲ့ ရန်အသွယ်သွယ်ကို ကျော်ဖြတ်ခဲ့တဲ့ လူစွမ်းကောင်း သူနာပြု မိန်းမပျိုတစ်ဦး မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ် ။ သူကတော့ ဟယ်လင် ရိုဒရီဂတ်စ် ဖြစ်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ကိုပါ ဟယ်လင် တွေ့ကြုံခဲ့ဖူးတယ်။
အဖေက ပေါ်တူဂီလူမျိုး ဆရာဝန်ကြီး ၊ အမေက စကော့ အမျိူးသမီး သူနာပြု တို့ရဲ့ သမီး ဟယ်လင်ဟာ မျိုးရိုးစဉ်လိုက် လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းကိုပဲ စိတ်ပါဝင်စားတယ် ။ သူ့အဖေ ဆရာဝန်ကြီးကလည်း တောင်ကြီး မှာ မြေဝယ် အိမ်ဆောက်ပြိး အခြေချနေခဲ့တာ ကြာပြီ ။ မြန်မာ့ ရေမြေကို ချစ်မြတ်နိုးတဲ့ အဖေက မွေးလာတော့ မြန်မာပြည်သား လူနာများစွာကို စောင့်ရှောက်ရနေရတာကို ကျေနပ်နေတဲ့ ဟယ်လင် ပါ။
ဟယ်လင်ဟာ လူနာတွေကို ဘယ်တော့မှ စွန့်ခွာသွားမယ့် လူမျိုး မဟုတ်ပါဘူး ။ ဒါကြောင့်လည်း ဂျပန်ခေတ် တစ်ခုလုံး ဆိုးဝါးတဲ့ အတွေ့အကြုံ တွေ အမျိုးမျိုး ကြုံတွေခဲ့ရတာပေါ့ ။ အမေနဲ့ ညီမဖြစ်သူတို့ အိန္ဒိယ ကို ထွက်ပြေးသွားချိန်မှာ လူနာတွေ အတွက် သူ တောင်ကြီးဆေးရုံ မှာ နေရစ်ခဲ့တယ် ။ သူဟာ ရှားမှ ရှားတဲ့ အမျိုးသမီး သူနာပြုတစ်ယောက် ။ လူနာတွေကို ဘယ်တော့မှ မျက်နှာလွဲ ခဲပစ် မထားခဲ့ရက်နိုင်ဘူး ။ ဘာတွေပဲ ကြုံပလေ့စေ သူ ရင်ဆိုင်တယ် ။ ဆေးဝါးပစ္စည်းတွေ ရှားပါး ၊ စားနပ်ရိက္ခာ တွေ ရှားပါးနေပေမဲ့ လူနာတွေ အတွက် နည်းမျိုးစုံနဲ့ ရအောင် ကြံဆောင်နိုင်ခဲ့တယ်။
ဂျပန်တွေရဲ့ ထိုးစစ် ပြင်းထန်လွန်းတာကြောင့် အခွင့်ထူးခံ လူတန်းစား အနည်းငယ်ကလွဲရင် ကျန်တဲ့ အင်္ဂလိပ်လူမျိူး အရာရှိ အရာခံ ဝန်ထမ်းတွေ ၊ အရပ်သား နိုင်ငံခြားသား တွေနဲ့ သူတို့ မိသားစုဝင်တွေဟာ တောလမ်းခရီး လမ်းကြောင်း အမျိုးမျိုး ကနေ အိန္ဒိယ ထဲကို ဝင်ဖို့ ကြိုးစားကြတယ် ။ ဂျပန်တွေ ဝင်လာရင် သူတို့အဖို့ အကြောင်းဆိုးပြီ ဆိုပြီးတော့ပေါ့ ။ တောင်ကြီးဆေးရုံ က မျက်နှာဖြူ ဆေးရုံအုပ်တွေ ၊ လူကြီးတွေ ဂျပန် မဝင်ခင် ပြေးသွားကြတဲ့ အချိန်မှာ ဟယ်လင် ရိုဒရီဂတ်စ် ဆိုတဲ့ သူနာပြု တစ်ယောက်က သူ့လူနာတွေ အတွက် စိုးရိမ်လို့ ကိုယ်လွတ်ရုန်း မပြေးခဲ့ရှာဘူး ။
လူကောင်သေးသေး အပျိုအရွယ်လေးပေမဲ့ ဇွဲသတ္တိ အပြည့်နဲ့ လူနာတွေကို ဆေးကုပေး ၊ အစားအသောက် တတ်နိုင်သမျှ ရှာဖွေ ကျွေးမွေးပြုစုတယ် ။ သူ့ကို ကူညီနေတဲ့ သူနာပြုကလည်း အယ်နီ ဆိုတဲ့ ရှမ်းမလေး တစ်ယောက်ပဲ ရှိတယ် ။ ဆေးရုံမှာ ခဏတာ လုပ်အားပေး လာလုပ်တဲ့ အင်္ဂလိပ် တပ်ကြပ်ကြီး ကတော့ ဟယ်လင့် စွမ်းဆောင်မှုတွေကြောင့် မီးအိမ်ရှင်မလေး ဖလော်ရင့် နိုက်တင်ဂေး ဆိုပြီး တင်စား ခေါ်ဝေါ်ခဲ့တယ်။
ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်စစ်မြေပြင် အကြောင်းကို စစ်ဗိုလ်တွေ ၊ ဗိုလ်ချုပ်ကြီးတွေ ရေးပြီးခဲ့ကြပြီ ။ ဒီစာအုပ် " ဗမာ့ဟယ်လင် " ကတော့ နိုင်ငံခြားသူ သူနာပြုတစ်ဦးရဲ့ မျက်မြင်ကိုယ်တွေ့ တွေ နဲ့ သူရင်ဆိုင်ခဲ့ရတဲ့ ဘေးအန္တရယ်တွေကို အရိုးရှင်းဆုံး တင်ပြသွားခဲ့ပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ရဲ့ အဆိုးဝါးဆုံး ကာလကို ကျော်ဖြတ်ခဲ့ရတဲ့ နိုင်ငံခြားသား သူနာပြုတစ်ယောက် ရဲ့ ကိုယ်တိုင်ရေးမှတ်တမ်း ဖြစ်တဲ့ ဒီ."ဗမာ့ဟယ်လင် " စာအုပ်ဟာ ကိုယ်တွေ့ စွန့်စားခန်းဝတ္ထု တစ်ပုဒ်လိုပါပဲ။
" ဗမာ့စောင်း " "မယ်ဗမာ " စတဲ့ ဗမာပြည်နောက်ခံ စာအုပ်တွေကို ဘာသာပြန်ခဲ့တဲ့ ဆရာဦးဝင်းငြိမ်း ရဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ် ။