စာရေးသူ - ကောင်းပြည့်သော်
စာမျက်နှာ - ၂၉၄
လူငယ်ဗဟိုပြု၊ လူငယ်ရေးရာ စာပေတွေကို ရေးသားလေ့ရှိတဲ့ စာရေးဆရာကောင်းပြည့်သော်ရဲ့ ငါးအုပ်မြောက် စာအုပ်သစ်ဖြစ်တဲ့ ဘုရင်ဖြစ်မယ့်လက်ညှိုး (စနစ်တကျ
တွေးခေါ်မှုဖြင့် စိန်ခေါ်မှုကို ကျော်လွှားခြင်း) ဆိုတဲ့ စာအုပ်ကို ဆောင်းစုရတီစာပေက ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်ရဲ့ အနှစ်ချုပ်ကို မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ဒီစာအုပ်ဟာ ‘လူငယ်တွေအနေနဲ့ စနစ်တကျ စဉ်းစားတွေးခေါ်မှုဖြင့် စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုရင် နယ်ပယ်တစ်ခုခုမှာ ဘုရင် ဘုရင်မ တစ်ပါး ဖြစ်ခြင်း’ လို့ ဆိုရမှာပါ။ စာရေးသူရဲ့ အမှာစာအရ … ဒီစာအုပ်ရဲ့ မူရင်းကျောရိုးဇာတ်ကတော့ အမျိုးသားပညာဝန် ဆရာကြီးဦးဖိုးကျား ရေးသားပြုစုတဲ့ မြန်မာ့ဂုဏ်ရည်ရာဇဝင် သမိုင်းဖတ်စာ စာအုပ်ထဲက ဉာဏ်သွားသော မွန်လူမျိုး မဂဒူး(ဝါရီရူးမင်း) ဖြစ်ပါတယ်။ ဒီဇာတ်ကို ဇာတ်လိုက်ကျော် မဂဒူးရဲ့ လက်ညှိုးကြောင့် လူသိများတာ ဖြစ်ပါတယ်။ ဘုရင်ဖြစ်မယ့် လက်ညှိုး စာအုပ်ရဲ့ ခေါင်းစဉ်ကိုလည်း မဂဒူးကို ဂုဏ်ပြုသောအားဖြင့် ပေးထားခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီစာအုပ်ထဲမှာ အခန်းကြီး (၁၀)ခန်းနဲ့ အခန်းငယ် (၁၀၀) ပါဝင်ပါတယ်။ ဟာသပုံပြင်တွေလည်း ပါဝင်ပြီး ထောင့်ပေါင်းစုံကနေ တင်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ကို စာချစ်သူတွေဆီ မိတ်ဆက်ပေးလိုက်ပါတယ်။